ယနေ့ကမ္ဘာ့ရွာကြီး တိုးတက်လာသည်နှင့်အမျှ ဆုတ်ယုတ်မှုများ၊ ပျက်စီးခြင်းများလည်း နောက်ဆက်တွဲများအဖြစ် ဖြစ်ပေါ်လျက်ရှိသည်။ ကျွန်ုပ်တို့၏ နေပုံထိုင်ပုံ၊ ပြုမူပုံများကြောင့် သက်ရောက်သောအရာများသည် ကျွန်ုပ်တို့ထံသို့ပင် ပြန်လည်သက်ရောက်ပေသည်။ ဤကမ္ဘာမြေကြီးသည် ကျွန်ုပ်တို့၏ အိမ်ဖြစ်သဖြင့် ကျွန်ုပ်တို့ စည်းမဲ့ကမ်းမဲ့စွာနေထိုင်ခြင်းမှတစ်ဆင့် ရာသီဥတုပြောင်းလဲခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းတို့ဖြစ်ပေါ်ကာ ကျွန်ုပ်တို့၏ အိမ်ဖြစ်သော ကမ္ဘာကြီးပျက်စီးခြင်းသို့‌ ရောက်ရလေသည်။ “Climate Change”ဟူသော ရာသီဥတုပြောင်းလဲခြင်းအား အများအားဖြင့် အပူချိန်ပြောင်းလဲကာ သတ်မှတ်ထားသည်မှ ကျော်လွန်၍ ပူနွေးလာမှုဖြစ်ခြင်းဟု သတ်မှတ်ကြလေသည်။ သဘာဝအလျောက် ရာသီဥတုပြောင်းလဲခြင်းသည် လတစ်လမှ တစ်လ၊ ရာသီတစ်ခုမှ တစ်ခု၊ နှစ်တစ်နှစ်မှ တစ်နှစ်၊ ဆယ်စုနှစ်တစ်ခုမှ တစ်ခုစသည်ဖြင့် ပြောင်းလဲလျက်ရှိသည်။

သဘာ၀ပတ်၀န်းကျင် ပျက်စီးယိုယွင်းလာမှုတွင် ရာသီဥတုပြောင်းလဲလာခြင်းကို မေ့ထား၍မရပေ။ ရာသီဥတုပြောင်းလဲခြင်းကို ဖြစ်ပေါ်စေသော အဓိကအချက်မှာ Greenhouse Effect (ဖန်လုံအိမ်အာနိသင်) ကြောင့်ဖြစ်သည်။ Greenhouse Effect (ဖန်လုံအိမ်အာနိသင်) ကို ဖြစ်ပေါ်စေသည့် အချက်များစွာရှိသည့်အနက် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုသည် အထင်ရှားဆုံးနှင့် အများဆုံးဖြစ်သည်။ (၁၉၅၀)ခုနှစ် နောက်ပိုင်းမှစ၍ လူသားများ၏လုပ်ဆောင်မှုတချို့ကြောင့် ကမ္ဘာကြီး၏အပူချိန်ပိုမိုမြင့်တက်လာပြီး  ရာသီဥတုပြောင်းလဲမှုသည် များစွာသိသာလာခဲ့သည်။ ကမ္ဘာ့လူဦးရေတိုးတက်လာမှုကြောင့် စွမ်းအင်ထုတ်လုပ်မှုအခန်းကဏ္ဍလည်း မြင့်တက်လာခဲ့သည်။ ယခုအချိန်ထိတိုင်အောင် သိသာစွာလျော့ကျခဲ့ခြင်းမရှိသေးပေ။ Greenhouse Gases ထုတ်လွှတ်မှုအများဆုံးကဏ္ဍများမှာ စွမ်းအင်ထုတ်လုပ်မှုနှင့် စားသောက်နေထိုင်မှုကဏ္ဍများ ဖြစ်ကြသည်။ သို့ရာတွင် အချို့သောလူများသည် လက်ခံလိုခြင်းမရှိကြပေ။မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု များပြားလာမှုနှင့် သစ်တောများခုတ်ထွင်ရှင်းလင်းမှုကြောင့် ရာသီဥတုပြောင်းလဲမှုကို ပိုမိုမြင့်တက်လာစေသည်။ လူဦးရေတိုးတက်လာမှု​နှင့်အတူ လူနေအိမ်များစွာတိုးချဲ့ဆောက်လုပ်လာကြခြင်းကြောင့် သစ်တောများစွာ ခုတ်ထွင်ခံနေရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှထွက်သော အညစ်အကြေးများသည်လည်း ရာသီဥတုပြောင်းလဲမှုအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသည်။ ဓာတ်မြေဩဇာအလွန်အကျွံသုံးစွဲလာမှု၊ အိမ်သုံးပစ္စည်းများသုံးစွဲမှုများပြားလာခြင်းမှ Nitrous Oxide ထုတ်လွှတ်မှုတိုးမြင့်လာခြင်းသည်လည်း Greenhouse Effect (ဖန်လုံအိမ်အာနိသင်) ဖြစ်ပေါ်မှုကို တိုးမြင့်စေလျက်ရှိသည်။ သဘာဝသယံဇာတများ၊ ခေတ်ပေါ်လူ့အသုံးအဆောင်ပစ္စည်းများကို အလွန်အကျွံသုံးစွဲခြင်းမှ လေထုထဲတွင်မရှိသင့်သော ဖန်လုံအိမ်ဓာတ်ငွေ့များ တိုးလာခြင်းများ‌ဖြစ်ပေါ်စေလျက်ရှိသည်။ ထိုကဲ့သို့ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များကို ဖြစ်ပေါ်စေသော နယ်ပယ်ကဏ္ဍများမှာ ပို့ဆောင်ဆက်သွယ်ရေး၊ စက်ရုံအလုပ်ရုံများအပြင် အခြားသော လူသားတို့၏မဆင်မခြင်လုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့သော ကိစ္စရပ်များစွာသည် လွန်ခဲ့သောနှစ်များစွာမှစ၍ ယနေ့အချိန်ထိဖြစ်ပေါ်လုပ်ဆောင်လျက်ရှိသည်။ အထက်ပါအကြောင်းအရာများကြောင့်လေထုထဲတွင် Greenhouse Effect (ဖန်လုံအိမ်အာနိသင်) တိုးများလာသည်။ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ တိုးများလာခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုသည် သိသာစွာမြင့်တက်လျက်ရှိသည်။

ထို့ကြောင့် ရာသီဥတုပြောင်းလဲခြင်းအား ထိန်းသိမ်းစောင့်ကြည့်ရန် ၎င်းတို့၏နောက်ဆက်တွဲဆိုးကျိုးများအား ထိန်းသိမ်းရမည်ဖြစ်သည်။ဤကဲ့သို့ ရာသီဥတုပြောင်းလဲမှုမြင့်တက်လာခြင်းအားဖြင့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ မိုးသက်မုန်တိုင်းကျခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းအစရှိသော နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်ဆိုးများစွာကို ဖြစ်ပေါ်စေပါသည်။ ထိုဘေးအန္တရာယ်ဆိုးများက လူသားများနှင့် အခြားသတ္တဝါတို့၏ အသက်အိုးအိမ်စည်းစိမ်များအား တိုက်ရိုက်ပျက်စီးစေခြင်း၊ ရေကြီးခြင်းကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအားထိခိုက်စေသည့် အတွက် စားနပ်ရိက္ခာ အခက်အခဲများဖြစ်ပေါ်လာစေပါသည်။ဤကဲ့သို့အကြောင်းများကြောင့် အထူးသဖြင့် လူသားများအနေနှင့် စားသောက်နေထိုင်မှု ကျပ်တည်းသည့် ပြဿနာများပိုမိုများပြားကာ အခက်အခဲများပို၍ကြုံတွေ့နေရပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူသားများအနေနှင့် ကျွန်ုပ်တို့ အပေါ်ပြန်လည်ကျရောက်လာမည့် ဘေးအန္တရာယ်အား တားဆီးကာကွယ်နိုင်မည့် တစ်နည်းအားဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမည့် ပြဿနာအား တားဆီးနိုင်မည့် နည်းလမ်းများကို အဖြေရှာကြည့်ရန် လိုအပ်လာပါသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် ဤအပိုင်းများကို အသိပညာပေးမှု၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများ အားနည်းနေသေးပါသည်။ ယခုအချိန်ကတည်းကပင် သဘာဝပတ်ဝန်းကျင်အား မျက်ကွယ်ပြု၍ နေထိုင်မည်ဆိုလျှင် နောင်လာမည့်အနာဂတ်တွင် ပိုမိုခက်ခဲကျပ်တည်းသည့် အခြေအနေများနှင့် ကြုံတွေ့ရင်ဆိုင်ရမည်မှာ ဧကန်အမှန်ပင်ဖြစ်ပေသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်ရာတွင် နောက်မျိုးဆက်သစ်များအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ကျွန်ုပ်တို့ အားလုံးတွင် တာဝန်ရှိပေသည်။ 

သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲခြင်းအားကာကွယ်ရန် ထိန်းသိမ်းသင့်သည့် အချက်များအနက် ဖန်လုံအိမ်အာနိသင် (Greenhouse Effect) လျှော့ချခြင်းသည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါ၀င်ပါသည်။ ထိုသို့လျှော့ချနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) အား အသုံးပြုခြင်းသည်လည်း သင့်လျော်သော အကြောင်းအရာတစ်ခုဖြစ်ပါသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များတွင် သာဓကအားဖြင့် ပို့ဆောင်ဆက်သွယ်ရေးတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီစသော လောင်စာဆီများအား လောင်ကျွမ်းမည့်အစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော နေစွမ်းအင်၊ လျှပ်စစ်စွမ်းအင်တို့ကို အသုံးပြုခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင်လည်း သဘာ၀အတိုင်းရယူနိုင်သော နေစွမ်းအင်၊ လေစွမ်းအင်များကို ပိုမိုသုံးစွဲသင့်ပါသည်။ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုရာတွင်လည်း သဘာ၀ပတ်၀န်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှု အတိုင်းအတာတစ်ခုထိရှိသော်လည်း ရုပ်ကြွင်းလောင်စာများ အသုံးပြုသည်ထက် ပိုမိုအကျိုးရှိသည်မှာ အမှန်ပင်ဖြစ်သည်။ လူသားများအနေနှင့် သဘာ၀ပတ်၀န်းကျင်နှင့် ရာသီဥတုဆိုင်ရာ အသိပညာများနှင့် ဥပဒေများကိုလည်း လိုက်နာကျင့်သုံးသင့်သည်။ ထို့အပြင် မွေးမြူရေးလုပ်ငန်းများတွင်လည်း မီသိန်းထုတ်လုပ်မှုများသောကြောင့် အသားနှင့် နို့ထွက်ပစ္စည်းများ စားသုံးသောအရေအတွက်ကို လျှော့ချခြင်း၊ စက္ကူလျှော့သုံးခြင်း၊ ပြည်တွင်းဖြစ် (Local Products) များကို ပိုမိုအသုံးပြုခြင်း အစရှိသော သဘာ၀ပတ်၀န်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော အပြုအမူများကို လုပ်ဆောင်သင့်ပါသည်။ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း သစ်တောများအား ထိန်းသိမ်းခြင်း၊ ပြန်လည်ပြုစုပျိုးထောင်ခြင်း၊ ပြန်လည်ပြည့်ဖြိုုးမြဲစွမ်းအင်များကို အသုံးပြုနိုင်ရန်အားပေးကူညီခြင်း၊ ပတ်၀န်းကျင်ကိုထိခိုက်မှုပိုမိုနည်းစေပြီး သဘာ၀နှင့် သဟဇာတဖြစ်စေသော စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရန် ပံ့ပိုးကူညီပေးခြင်း အစရှိသော လုပ်ငန်းများကို ဦးစားပေးကဏ္ဍများအလိုက် အကောင်အထည်ဖော်သင့်သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ပါရီသဘောတူညီမှုကို အခြေခံ၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အားထုတ်လျက် သဘာ၀ပတ်၀န်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများကို လက်တွေ့ကျကျပြည်သူလူထုနှင့် လက်တွဲ၍ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်သည်။ ထို့ကြောင့် “Climate Change” ဟူသော ရာသီဥတုပြောင်းလဲမှုကြီးအား ကာကွယ်ရန် နေ့စဥ်ပြုမူနေထိုင်မှုမှစ၍ ပြုပြင်ပြောင်းလဲကာ ဤကမ္ဘာမြေကြီးအား ကယ်တင်ခြင်းတွင်ပါဝင်ကြရမည် ဖြစ်ပါတော့သည်။

References

By- Pyae Sone Aye Chan, Wyne Sandy Aye Han, Khine Zar Thin, May Phoo Thet, Hnin Wut Yee, Ei Shwe Yee Kyaw