ယနေ့ လူငယ်တို့ ရင်ဆိုင်နေရသောပြဿနာများထဲတွင် လိင်နှင့် မျိုးဆက်ပွားဆိုင်ရာ ပြဿနာလည်း ပါဝင်နေသည်မှာ အထင်အရှားဖြစ်သည်။ “လူငယ်များ ကြုံတွေ့ခံစားနေရသည့် ပြဿနာတို့သည် အသိပညာ အားနည်းမှုထက် အခွင့်အရေးများ မရရှိခြင်းကြောင့် ဖြစ်သည်” ဟု  SRH Specialist ဒေါက်တာဖြိုးသီဟက မှတ်ချက်ပြုသည်။ 

မျိုးဆက်ပွားကျန်းမာရေးဖြစ်ဖြစ် လိင်မှု ကိစ္စတွေပဲဖြစ်ဖြစ် rights ကိုအခြေခံပြီးနားလည်သိရှိထားရန် လိုအပ်ပါသည်။ သို့မှသာ ကိုယ့်ကိုယ်ကိုယ်ရော တစ်ပါးသူကိုပါ ကာကွယ်နိုင်မှာ ဖြစ်သလို ကိုယ်သိထားသည့် ဗဟုသုတတွေကို ဖြန့်ဝေပေးနိုင်မှာဖြစ်သည်။ ထို့ကြောင့် စာဖတ်သူ လူငယ်အပေါင်းတို့ အတွက် Rights to reproductive health အကြောင်း ပြန် လည် ဝေမျှပေးလိုက်ပါသည်။

  1. Right to the highest attainable standard of Sexual Health

အရည်အသွေးမီ ကျန်းမာရေး ဝန်ဆောင်မှုကို လူတိုင်းလက်လှမ်းမှီ ရပိုင်ခွင့် ရရှိရမှာဖြစ်သည်။ မြို့မှာနေလို့ပဲဖြစ်ဖြစ်၊ နယ်မှာနေလို့ပဲဖြစ်ဖြစ်၊ ချမ်းသာလို့ပဲဖြစ်ဖြစ်၊ ဆင်းရဲလို့ပဲဖြစ်ဖြစ်၊ အသားအရောင်ကွဲပြားလို့ပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ပတ်သက်လျှင် တန်းတူညီတူ ရရှိ ခံစားခွင့်ရှိရပါမည်။

  1. Right to safety and dignity

စိတ်ချလုံခြုံခြင်း၊ ဂုဏ်သိက္ခာ ထားရှိမှု၊ အလေးပေးခံရမှု။

လူတိုင်းလူတိုင်း အထူးသဖြင့် အမျိုးသမီးများအတွက် right to safety ရှိကို ရှိရပါမည်။ ဘယ်သွားသွား လုံခြုံမှု မရှိလျှင်၊ ဘယ်သူနဲ့ပဲ ပြောဆိုနေနေ ကိုယ့် ကို ကိုယ် မလုံခြုံဟု ခံစားနေရလျှင် ထိုအမျိုးသမီးဟာ သူရဲ့ အခွင့်အရေးများ ချိုးဖောက်ခံနေရပြီဟု ဆိုနိုင်ပါသည်။ နောက်ဆက်တွဲ  အနေနှင့် သူတို့မှာ ကိုယ်ပိုင်အခွင့်အရေး အပြည့်အဝ မရရှိခြင်းကြောင့် sexual violence (လိင်မှုကိစ္စအကြမ်းဖက်မှု) နှင့် sexual harrasement (လိင်မှုကိစ္စ နှောက်ယှက်ထိပါးမှု)တို့ကို ကြုံတွေ့လာနိုင်ပါသည်။

  1. Right to seek, receive and impart information related to sexuality

မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရှာဖွေခြင်း ၊ လက်ခံဆွေးနွေးခြင်း၊   ဗဟုသုတများကို ပြန်လည်မျှဝေခြင်း အစရှိသော အခွင့်အလမ်းများကို  ကျား/မ မရွေး ရပိုင်ခွင့်ရှိရပါမည်။

  1. Right to Sexuality Education

မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရပိုင်ခွင့် ရှိရပါမည်။ မြန်မာ့ယဥ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအရ မျိုးဆက်ပွားကျန်းမာရေး၊ လိင်ပိုင်းဆိုင်ရာ အစရှိသည့် စကားလုံးများနှင့် အကြောင်းအရာများသည် နားရှက်စရာဖြစ်နိုင်သော်လည်း မှန်ကန်သည့် ကျန်းမာရေး ဗဟုသုတ မရှိခဲ့လျှင် (မရှိနေခြင်းကြောင့်) မလိုလားအပ်သော သက်ငယ်မဒိန်းမှု၊ သက်ငယ်ကိုယ်ဝန်ဆောင်မှု၊ ဘေးအန္တရာယ် မကင်းသော ကိုယ်ဝန်ဖျက်ချမှုများကို နေ့စဥ်ရင်ဆိုင်နေရပါသည်။  အမျိုးသားအမျိုးသမီး အားလုံးကို မှန်ကန်သည့် သတင်းအချက်အလက်များ ရရှိစေခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမှ ကာကွယ်ပေးနိုင်ပါသည်။ မကြာသေးမီက ဖြစ်ခဲ့သည့် ဖြစ်ရပ်တစ်ခုတွင် အခြေခံပညာသင်ရိုး၌ အသစ်ထည့်သွင်း သင်ကြားမည့် ထွန်းထွန်းနှင့် ချိုချိုအကြောင်းကို ကန့်ကွက်နေသည့် လူကြီးများအား သည် right အကြောင်း ရှင်းပြပြီး စည်းရုံးသင့်ပါသည်။ 

  1. Right to decide whether or not to be sexually active

ကျား၊ မ မရွေး မိမိ၏ လိင်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို မိမိဘာသာ ချမှတ်ပိုင်ခွင့်ရှိပါသည်။ လက်မထပ်ခင် အတူနေခြင်းကို နှာခေါင်းရှုံ့ခြင်း၊ အသက် ၃၅ အထိ လူပျိုကြီး၊ အပျိုကြီး ဖြစ်နေ၍ အထင်အမြင်သေး ရှုံ့ချခြင်းများသည် ဤအခွင့်အရေးကို ရဲရဲကြီး ဆန့်ကျင်နေကြောင်း သတိပြုသင့်ပါသည်။ 

  1. Right to choose their partner

မြန်မာနိုင်ငံ၏ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းများအရ အသက်အရွယ်ရလာသည့်တိုင်အောင် မိဘများသည် နေရာတကာတွင် ဝင်ဆုံးဖြတ်ပေးတတ်ကြသည်။ ဆယ်ကျော်သက်အရွယ်၊ လွတ်လပ်မှုကို ရှာချင်၊ ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ်လုပ်ချင်သည့် အရွယ်တွင် မိဘမသိအောင် ခိုးလုပ်ရင်း မမှားသင့်သော အမှားများ ဖြစ်သွားတတ်ပါသည်။ ထို့ကြောင့် မိဘ၊ ဆရာသမားများ အနေဖြင့် လူငယ်တို့ ရသင့်ရထိုက်သည့် အခွင့်အရေးများကို လျစ်လျူရှုပြီး အတင်းအကြပ် တားမြစ်ပိတ်ပင်ခြင်း၊ ခြိမ်းခြောက်ဆုံးမခြင်းများ မလုပ်သင့်ပါ။ လူငယ်တို့ ရသင့်ရထိုက်သည့် အခွင့်အရေးထဲတွင် ဘဝလက်တွဲဖော်ကို ရွေးချယ်နိုင်ခွင့်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

  1. Right to consensual sexual relations 

စိတ်ဆန္ဒနှင့် တန်ဖိုးထားမှုများ ပါဝင်သော ဆက်ဆံရေး

  1. Right to consensual marriage

မိမိ၏ဆက်ဆံဖော်က မိမိ အလိုဆန္ဒမပါဘဲ အတင်းအကြပ် လိင်ဆက်ဆံစေခြင်း၊ မိမိအပေါ် တန်ဖိုးထားမှု မရှိဘဲ အလိုရှိမှ ခိုင်းစေခြင်းတို့သည်  ဤအခွင့်အရေးကို လုံးဝဆန့်ကျင်ချိုးဖောက်နေပါသည်။ ဆယ်ကျော်သက်တွေအနေနှင့် (အထူးသဖြင့် မိန်းကလေးများအနေဖြင့်) အထက်ပါ အခြေအနေမျိုး ကြုံနေရလျှင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်လှပါသည်။ ကျူးလွန်သူသည် မိမိ၏ အိမ်ထောင်ဖက်ဖြစ်နေ၍လည်း သည်းခံစရာ မလိုပါ။ အလေးထား ဖြေရှင်းရမည့် ပြဿနာတစ်ရပ် ဖြစ်သည်။

  1. Right to privacy and confidentiality 

သီးခြားဖြစ်ခွင့်နှင့် လျှို့ဝှက်ချက်များကို လုံခြုံစွာ ထိန်းသိမ်းနိုင်ခွင့်

ဒီအချက်ကို ကိုယ်တိုင်လည်း ရည်ရွယ်ချက် ရှိရှိဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ကိစ္စတော်တော်များများမှာ ချိုးဖောက်မိတတ်ကြပါသည်။ ဥပမာ – သူငယ်ချင်းတစ်ယောက်က ငွေကြေးမပြေလည်၍ ကိုယ့်ဆီ အကူအညီတောင်းဖူးကြောင်းကို တခြားသူတစ်ယောက်အား အမှတ်တမဲ့ ပြောမိလိုက်ခြင်းသည် အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်ပါသည်။ ထိုနည်းတူစွာ လိင်မှုကိစ္စနှင့်ပတ်သက်ပြီး ရင်ဖွင့်ချက်များကို တခြားသူတစ်ယောက်အား ပြန်ပြောပြခြင်းသည်  အခွင့်အရေးချိုးဖောက်ရာကျသည့်အတွက် ကိုယ်တိုင် မလုပ်မိစေရန် သတိချပ်ဖို့ အရေးကြီးပါသည်။

  1. Right to make own choice

ကိုယ်ယုံကြည်သည့် ခံယူချက်များ၊ အသိပညာနှင့် ရွေးချယ်ခွင့်တွေသည် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မသက်ဆိုင်ဘဲ ကိုယ်ပိုင်လွတ်လပ်ခွင့်သာ ဖြစ်ပါသည်။ ကိုယ်နှင့်မတူ ကိုယ့်ရန်သူဆိုပြီး ခံယူချက် မတူတိုင်း ‘မှားနေတယ်’ ပြော၍ မရပါ။ ဥပမာ – ၁၀ တန်းတွင်  ၆ဘာသာ ဂုဏ်ထူး ထွက်သော်လည်း ဆေးကျောင်းမတက်ဘဲ အဝေးသင်တက်သည့်သူကို ‘နင် မှားနေပြီ၊ ရူးနေလား၊ မစဥ်းစားတတ်ဘူးလား’ ဆိုသည့် အပြစ်တင်ဝေဖန်စကားမျိုး မပြောသင့်ပါ။ သူတစ်ပါး၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ ရပ်တည်ချက်များကို လေးစားရပါမည်။ နောက်ထပ်ဥပမာ တစ်ခုပေးရလျှင် မိမိက အပျိုစင်ဘဝကို တန်ဖိုးထားသည့်အချိန်တွင် ကိုယ့်သူငယ်ချင်းက ရည်းစားနှင့် အတူနေလိုက်လို့ဆို၍ ‘နင်ကတော့ တန်ဖိုးမရှိတော့ဘူး၊ လေးစားစရာ မရှိတော့ဘူး’ ဟု ပြောခွင့်မရှိပါ။ ထို့ကြောင့် မည်သူမဆို သူတစ်ပါး၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လေးစားတတ်ရန် အထူးလိုအပ်လှပါသည်။ 

  1. Gender equity (ကျား/မ တန်းတူညီမျှမှု)

Gender equity ဟု ဆိုလိုက်လျှင် လိင်မှုကိစ္စတစ်ခုတည်းတင် မဟုတ်ဘဲ အခြား နေ့စဥ်ဘဝနှင့်ဆိုင်သည့် ပြဿနာများစွာ ရှိနေပါသည်။ ဥပမာ – ယောကျ်ားလေးတစ်ယောက် အိမ်ပြန်နောက်ကျလျှင် ပြဿနာမရှိသော်လည်း မိန်းကလေးတစ်ယောက် ဆိုလျှင်တော့ ပတ်ဝန်းကျင်၏ ပြစ်တင်ရှုံ့ချခြင်းများကို ခံယူရပါသည်။ ဒါသည် ကျား/မ တန်းတူညီမျှမှု မရှိခြင်း၏  အခြေအနေတစ်ခု ဖြစ်ပါသည်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများမှာ မိန််းကလေးတစ်ယောက်ကို ယောကျာ်းလေးအုပ်စုက လှမ်းအော်ခြင်း၊ စနောက်ခြင်းများကို သာမန် ဖြစ်ရိုးဖြစ်စဥ်ဟု ယူဆနေသူတွေ အခုထိ ရှိပါသည်။ အချို့ကမူ ယောကျ်ားလေးတစ်ယောက်က ထိုကဲ့သို့ နှောင့်ယှက်ကျူးလွန်ခံရပါသည်ဟု ပြောလာလျှင် စနောက်သူတွေ အလွန်ဟု မထင်ကြတာမျိုးတွေ ရှိပါသည်။ ဒါသည်လည်း တန်းတူညီမျှမှု မရှိခြင်း၏ ပြယုဂ်တစ်ခုပင် ဖြစ်သည်။

12.Right to decide whether or not, when to have children

ကလေးယူမယူ၊ ကလေးမည်မျှယူမည်၊မည်သည့်အချိန်တွင်ယူမည်ကို ရွေးချယ်ခြင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဖြစ်သည်။ ဤအချက်သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ဆိုင်သကဲ့သို့ Family planning နှင့်လည်းဆိုင်ပါသည်။ ဥပမာ – ကိုယ်က ကလေးယူချင်သော်လည်း ငွေကြေးအရ၊ အခြေအနေအရ မပြည့်စုံသည့်အခါ နောင်တွေ့ကြုံရမည့် အခက်အခဲများစွာကို ရင်ဆိုင်နိုင်ခြင်း ရှိမရှိ ကိုယ်တိုင်ဆုံးဖြတ်ရပါမည်။မိမိ၏ငွေကြေးနှင့် အိမ်အခြေအနေက ကောင်းမွန်လျှင် သာယာသည့် မိသားစုဘဝလေးကို ပိုင်ဆိုင်မှာ ဖြစ်သည်။ ဒါသည် ကိုယ်နှင့် ကိုယ့်အိမ်ထောင်ဖက်ပေါ်မှာပဲ မူတည်ပါသည်။ဘေးလူပြောစကားများသည် ကိုယ့်အခွင့်အရေးကို မထိပါးလာအောင် အတတ်နိုင်ဆုံး ကာကွယ်ရပါမည်။ 

  1. Right to pursue a satisfied, safe and pleasurable sexual life

ဤအချက်အရ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုတွင် ကျန်းမာပျော်ရွှင်မှု ရှိဖို့ကလည်း အရေးကြီးပါသည်။ လိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါတွေအကြောင်းကို သိထားပြီး ကာကွယ်နိုင်ရန် လိုအပ်လှသည်။ လိင်ဆက်ဆံဖော်များလျှင် များသလောက် ကူးစက်ရောဂါဖြစ်နိုင်ချေလည်း ပိုများသည်ကို သတိချပ်ပါ။ 

မိန်းကလေးများတွင် အဖြစ်များသော ရောဂါတစ်ခုမှာ သားအိမ်ခေါင်းကင်ဆာဖြစ်သည်။ ဒီရောဂါသည် လိင်ဆက်ဆံရာမှ တစ်ဆင့်ကူးစက်သော Virus (Human Papilloma Virus HPV) ကြောင့် အဓိကဖြစ်ပွားခြင်း ဖြစ်သည်။

အဖြစ်များသလို အချိန်မီ မသိဘဲ မကုသလျှင် အသေအပျောက်များပါသည်။ ထိထိရောက်ရောက်ကြိုတင်ကာကွယ်နိုင်သည့် ရောဂါလည်းဖြစ်ပါသည်။ သားအိမ်ခေါင်းကင်ဆာကို မြန်မြန်သိလျှင် (၁)နှစ် (၂)နှစ်အတွင်း ကုသပျောက်ကင်းနိုင်ပါသည်။ 

မိမိအိမ်ထောင်ဖက်ရော မိမိပါ ကျန်းမာပြီး ဘေးအန္တ ရာယ်ကင်းသည့်ဘဝပိုင်ဆိုင်နိုင်ရန် ကြိုတင်ကာကွယ်သင့်တာကာကွယ်ပြီး အသိပညာဗဟုသုတများသိရန် နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံဆေးခန်းများတွင် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

  1. Right to free of violence, coercion and discrimination

ယခုဆိုလျှင် မိန်းမယောကျာ်း ချစ်ကြိုက်ရုံမက LGBT- လိင်တူချင်းချစ်ကြိုက်ခြင်းကို လွတ်လပ်စွာခွင့်ပြုနေကြပါပြီ။ အချို့သော ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများကလည်း LGBT၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် တရားဥပဒေဘောင်အတွင်း ကူညီဆောင်ရွက်ရုံသာမက LGBTနှင့် အမျိုးသမီးများတွေ့ကြုံရသော ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါသည်။

နိဂုံး 

လိင်နှင့်မျိုးဆက်ပွါးကျန်းမာရေးအတွက် သိပ္ပံနှင့် နည်းပညာများဖွံ့ဖြိုးလာပြီး အကျိုးခံစားခွင့်လည်းများလာပါသည်။ အရင်လိုမဟုတ်တော့ဘဲ အမျိုးသမီး၊ အမျိုးသားဆိုင်ရာ ကျန်းမာရေးပြဿနာများဖြစ်သည့် သားကြောဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာရောဂါများနှင့် သားဆက်ခြားခြင်းများကို နီးစပ်ရာဆေးရုံဆေးခန်းများတွင် အလွယ်တကူကုသနိုင်ပါပြီ။  ထို့ပြင် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတစ်ခုခုနှင့် ကြုံတွေ့လာခဲ့လျှင် သက်ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် ဆရာဝန်ကို မိမိ၏ဖြစ်ကြောင်းကုန်စင်ပြောပြပြီး ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုရင်ဆိုင်ရမလဲ စသဖြင့် တိုင်ပင်ဆွေးနွေးပါ။ 

ဆရာ ဆရာမများကိုယ်တိုင်ကလည်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ပေါက်ကြားခြင်းမရှိစေရန် ထိန်းသိမ်းသည်ဟု ပြောကြားထားပါသည်။ ယခုဆိုလျှင် လူတစ်ဦးတစ်ယောက်ချင်းစီမှာ ရသင့်ရထိုက်သည့် အခွင့်အရေးများအကြောင်း သိသွားပြီဖြစ်၍ သူတစ်ပါး၏ အမြင်နှင့် ခံယူချက်များအား လေးစားနိုင်လိမ့်မည်လို့ ယုံကြည်ပါသည်။ နုနယ်သည့် ကလေးငယ်များကို ပြုစုပျိုးထောင်သည့်အခါ မိမိအမြင်တစ်ခုတည်းကိုသာ အခြေမခံဘဲ သူတစ်ပါး၏ အခွင့်အရေးကိုပါ နားလည်လက်ခံနိုင်စေရန် ‘Rights Based approach’ နှင့် ပျိုးထောင်ရန် လိုအပ်ကြောင်း မေမေ ဖေဖေများနှင့် မိဘလောင်းတွေဖြစ်သည့် လူငယ်များပါ သိရှိရန် လိုအပ်ပေသည်။

By- Eaint Yadanar Min, Nan Myat Myo Nwe, Saw Thi Dar, May Thet Paing Phoo